ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) နှင့် တရုတ်နိုင်ငံမှ ပညာရှင်များပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်

- တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်ရှိ နိုင်ငံတကာလေဆိပ်တစ်ခုတွင် ဆေးဝန်ထမ်းတစ်ဦးက ခရီးသည်များအား ကိုယ်အပူချိန်စစ်ဆေးပေးနေစဉ်(ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပညာရှင်များ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) မှ ပညာရှင်များ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုသည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး နှင့် ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ပညာရှင်အဖွဲ့သည် ပေကျင်း ၊ ကွမ်တုန်း နှင့် စီချွမ်းပြည်နယ်များသို့ သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်(NHC) မှ ပြောရေးဆိုခွင့်ရှိသူ Mi Feng က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်က NHC မှ ကြီးမှူးကျင်းပသည့် အခမ်းအနားသို့ ပူးပေါင်းအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ နှင့် နိုင်ငံတော်ကောင်စီ၏ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ပူးတွဲအဖွဲ့မှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူ ၈၀ ခန့်တက်ရောက်ခဲ့ကြောင်း Mi က ဆိုသည်။

အဆိုပါအခမ်းအနားတွင် NHC ဒုတိယညွှန်ကြားရေးမှူး Li Bin က အမှာစကားပြောကြားရာ၌ နိုင်ငံတစ်ဝန်း ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးကို လုပ်ဆောင်သွားရန် နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ အကြံပြုချက်များကို ကြိုဆိုသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု Mi ကဆိုသည်။

အခမ်းအနားတက်ရောက်လာသော နိုင်ငံတော်ကောင်စီဝင်ဝန်ကြီးဌာနများ နှင့် စီမံခန့်ခွဲမှုများအဖွဲ့မှ ကိုယ်စားလှယ်များက ၎င်းတို့၏ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ရောဂါကူးစက်မှုဒဏ် အဆိုးဝါးဆုံးခံစားနေရသည့် ဟူပေပြည်နယ်မှ ကိုယ်စားလှယ်များနှင့် ဗီဒီယိုအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ရောဂါကူးစက်မှု အခြေအနေ ၊ လူမှုပတ်ဝန်းကျင်နှင့်ကျေးလက်ဒေသများတွင် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ ၊ တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲမှု နှင့် ကုသရေးအတွက် ဆေးဝါတီထွင်မှုနှင့်ထုတ်လုပ်မှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးတွဲကျွမ်းကျင်ပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံ၏ ရောဂါကာကွယ်ရေး နှင့်ထိန်းချုပ်ရေး အစီအမံများအပေါ် အသိအမှတ်ပြုခဲ့ကြပြီး တရုတ်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ်ချီးကျူးခဲ့ကြောင်း Mi က ဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ပေကျင်းမြို့ကွင်းဆင်းစစ်ဆေးမှုအတွင်း ကျွမ်းကျင်ပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံ၏ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ စင်တာ ၊ ပေကျင်း Ditan ဆေးရုံ နှင့် Chaoyang ခရိုင်အတွင်းရှိ Anhuali လူမှုအသိုက်အဝန်းသို့ သွားရောက်လေ့လာခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် ကျွမ်းကျင်သူများ နှင့်အတူ နည်းပညာရပ်ဆိုင်ရာများကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အဆိုပါ ပူးတွဲ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ အဖွဲ့ဝင်များသည် ကွမ်တုန်းပြည်နယ် နှင့် စီချွမ်းပြည်နယ်များအတွင်း ကွင်းဆင်းစစ်ဆေးရန် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)