Connect with us

Social

e-Government အောင်မြင်စွာ အကောင်အထည်ဖော်ရေး အဆို လွှတ်တော်သို့တင်မည်

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီရုံးခန်း အိုင်(၉) တွင် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များ အသင်းနှင့် တွေ့ဆုံ ညှိနှိုင်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

e-Government စနစ်များ ပိုမို ထိရောက် အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက မကြာမီ လွှတ်တော်သို့ တင်သွင်းမည်ဟု ထိုကော်မတီ အတွင်းရေးမှူးက ဆင်ဟွာသို့ပြောသည်။

“နိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် အကျုံးဝင်ပတ်သက်သူများ အားလုံး e- Government website များ၊ mobile application များမှတစ်ဆင့် ဌာနဆိုင်ရာ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို ရယူ သုံးစွဲနိုင်ရေးအတွက် ဒီအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးနေဖူး ဗဆွေက ပြောသည်။
ထိုသို့တင်သွင်းနိုင်ရန် သက်ဆိုင်ရာ ဥပဒေရေးရာ အဖွဲ့၊ ပညာရှင် အဖွဲ့များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းလျက်ရှိကြောင်း၊ လာမည့် သီတင်း နှစ်ပတ်အတွင်း အဆိုနှင့် ပတ်သက်သည့် proposal များ၊ စာတမ်းနှင့် အချက်အလက်များ ပြည့်စုံကာ လွှတ်တော်သို့တင်သွင်းရန် အဆင်သင့် ဖြစ်လိမ့်မည် ဟုလည်း ဦးနေဖူးဗဆွေက ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များနှင့် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များ အသင်းမှ ကိုယ်စားလှယ်များ group photo ရိုက်ကြစဉ် (ဆင်ဟွာ)
“ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်နဲ့ပထမဆုံးတွေ့ခဲ့ပါတယ်။ ကြာသပတေးနေ့မှာ NLD ပါတီရဲ့စီးပွားရေး ကော်မရှင် အဖွဲ့နဲ့တွေ့တယ်။ တပ်မတော်အဖွဲ့ကို တနင်္လာနေ့မှာ တွေ့ခဲ့ပြီး မနေ့ကတော့ ရန်ကုန်တိုင်းက ကွန်ပျူတာ ပညာရှင်အဖွဲ့၊ ဒီနေ့ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းနဲ့တွေ့တာပါ။ မနက်ဖြန်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နဲ့တွေ့ပါမယ်။ ရှေ့အပတ် အင်္ဂါနေ့မှာ ဆက်သွယ်ရေဝန်ကြီးဌာန နဲ့တွေ့ပါမယ်” ဟု လွှတ်တော် ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ရုံးခန်း တည်ရှိရာ အိုင်(၉) အဆောင်၌ မန္တလေးတိုင်း ကွန်ပျူတာ ပညာရှင်များအသင်းနှင့် ယနေ့ နေ့လယ် တွေ့ဆုံ ညှိနှိုင်း အပြီးတွင် ဦးနေဖူးဗဆွေက ဆင်ဟွာသို့ရှင်းပြခဲ့သည်။
ယနေ့တွေ့ဆုံခဲ့သော မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်များအသင်း၏ ဥက္ကဋ္ဌဦးလှကောင်းနှင့် အသင်း၏ နိုင်ငံတကာ ဆက်သွယ်ရေး ကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်စိုးတို့က e – Government ဆိုင်ရာ စာတမ်းများ၊ အကြံပြုချက်များကို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီအား ရှင်းလင်းတင်ပြကြပြီး ကော်မတီဝင်များ၏ မေးမြန်းမှုများကို ပြန်လည် ရှင်းပြခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.