23
Mon, Sep
527 New Articles

တပ်မတော်နည်းပညာ တက္ကသိုလ်၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား ၅ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိဟု အစိုးရထုတ်ပြန်

ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်၌ ရှော့တိုက်ဒုံးများအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) Environment, Disasters & Accidents

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ ရှမ်းပြည်နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များ ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား စုစုပေါင်း ၅ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ပြည်သူ၂ ဦး နှင့် ရဲတပ်ဖွဲ့ ဝင် ၃ စုစုပေါင်း ၅ဦးကျဆုံးပြီး အရပ်သားပြည်သူ ၁၀ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၁၂ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် အရပ်သားပြည်သူ ၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့အား ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့၏ လက်နက်ငယ် ၁၇ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၃၁၂ တောင့်၊ မူးယစ် ဆေးဝါး ရှာဖွေရေးကိရိယာတစ်ခု၊ ဓာတုဗေဒစမ်းသပ်ရှာဖွေရေး ကိရိယာတစ်ခု၊ လက်ကိုင် စကားပြောစက် ၄ လုံး တို့ဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ် ၃ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ကြမ်းခင်းများပျက်စီးသွားခဲ့ပြီး ယာဉ်များ သွားလာ၍ မရကြောင်းသိရသည်။

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင် - လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက် ဒုံးသီးများဖြင့် လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရေး ဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA ၊ TNLA ၊ MNDAA အဖွဲ့ဝင် ၂ ဦးက အာရ်ပီဂျီဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များက တစ်ချိန်တည်း တပြိုင်တည်း နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဇူလိုင် ၂၅ ရက်တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ် ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါး တန်ဖိုးကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း တပ်မတော်က သိမ်းဆည်း ရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AA အဖွဲ့ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် AA ၊ TNLA ၊ MNDAA အဖွဲ့များက တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန် လာခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)