13
Fri, Dec
500 New Articles

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် လူနေထူထပ်သည့် မြို့ကြီး များ စစ်ကိုင်းသက်ရှင်ပြတ်ရွေ့ ကြောတစ်လျောက် တွင် တည်ရှိသည့် အတွက် ငလျင်ဘေးအန္တရာယ် ကို အထူးသတိပြုသင့်ကြောင်းဆို

မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာတွင် အင်အား ၇.၀ ရှိသော ငလျင်ကြီးတစ်ခု ၂၀၁၁ခုနှစ်၊ မတ်လ ၂၄ ရက် ညဦးပိုင်း ၈:၂၅နာရီ တွင် လှုပ်ရှားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ) Environment, Disasters & Accidents

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် လူနေထူထပ်သည့် မြို့ကြီး များဖြစ်သည့်  မန္တလေးမြို့၊ စစ်ကိုင်းမြို့အနီး၊ နေပြည်တော်၊ တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီးတို့သည် စစ်ကိုင်းသက်ရှင်ပြတ်ရွေ့ ကြောတစ်လျှောက် တွင် တည်ရှိသည့် အတွက် ငလျင်ဘေးအန္တရာယ် ကို အထူးသတိပြု သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ လက်ထောက်ညွှန်ကြားရေးမှုးဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊  ကုလားတန်ပြတ်ရွေ့များပေါ်တွင် တည်ရှိနေခြင်းကြောင့် ငလျင်အန္တရာယ်သည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “မြန်မာနိုင်ငံမှာ သက်ရှင်ပြတ်ရွေ့ကြောတွေ ရှိတဲ့ အတွက် ငလျင်ဒဏ်ကို ပိုပြီး သတိထားသင့်တယ်။ သက်ရှင်ပြတ်ရွေ့ကြောကြောင့်လှုပ်တဲ့ ငလျင်က ဗဟိုချက်အနက်တိမ်လေ့ရှိတယ်။ ဒါကြောင့် မနေ့က ရန်ကုန်ငလျင် ကို လူအများစုခံစားမိတာဖြစ်တယ်’’ ဟု နိုဝင်ဘာလ ၁၃ရက်တွင် ပြောသည်။

(မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာတွင် အင်အား ၇.၀ ရှိသော ငလျင်ကြီးတစ်ခု ၂၀၁၁ခုနှစ်၊ မတ်လ ၂၄ ရက် ညဦးပိုင်း ၈:၂၅နာရီ  တွင် လှုပ်ရှားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးစီမံချက်ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန) 

၁၈၉၃ ခုနှစ်တွင် အင်အားရစ်ချ်တာ ၉ အဆင့်ရှိသည့် အင်းဝငလျင်လှုပ်ခတ်ခဲ့ ပြီး လူ ၄၀၀ သေဆုံးသေဆုံးခဲ့ကြောင်း၊ ၁၉၃၀ ခုနှစ်တွင် ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု ပဲခူးဒေသတွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၅၀၀ ခန့်သေဆုံးခဲ့ကာ ၁၉၃၁ ခုနှစ် တွင် ပြင်းအား ၇ ဒသမ ၃ အဆင့် ရှိ ဖြူးငလျင်လှုပ်ရှားခဲ့ကြောင်း သိရသည်။ ငလျင်မှတ်တမ်းများအရ မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်းဒေသများတွင် သက္ကရာဇ် ၁၄ဝဝ ခန့်မှ စတင်၍ အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ 

 “ရန်ကုန် က စစ်ကိုင်းပြတ်ရွေ့နဲ့လည်း နီးကပ်စွာတည်ရှိတယ်။ နောက်တစ်ခုက ၁၉၃၀ ပဲခူးငလျင် နဲ့ပတ်သက်ပြီး ပဲခူးဒေသရော ရန်ကုန်ရော ကိုရော ငလျင်သတိပေးထားတာရှိတယ်။ အတိတ်က ငလျင်ရဲ့ ဖြစ်စဉ်ကိုလေ့လာသုံးသပ်ကြည့်တဲ့ အခါ နှစ်ပေါင်း ၁၆၀ ဆိုတဲ့ သက်တမ်း အတွင်းမှာ ငလျင်ကြီးတစ်ကျော့ ပြန်လည်လာနိုင်တယ်လို့ ခန့်မှန်းရတယ်။  နှစ်ပေါင်း ၁၆၀ အတွင်း ဆိုတာမှာ နှစ် ၈၀ လည်းဖြစ်နိုင်တယ်။ ၉၀လည်း ဖြစ်နိုင်တယ်။ နှစ် ၁၀၀လည်း ဖြစ်နိုင်တယ်။ ၁၉၃၀ ပဲခူးဒေသ ငလျင် က ရန်ကုန်ကိုပါ ထိခိုက်မှု ရှိခဲ့တယ်။ အခုအချိန်မှာ ရန်ကုန်က လူဦးရေပိုထူထပ်လာတယ်။ တိုက်တာ အဆောက်အအုံတွေ ပိုများလာတယ်. ငလျင်နဲ့ ပတ်သက်ပြီး ရန်ကုန်က စစ်ကိုင်းပြတ်ရွေ့လမ်းကြောင်းပေါ်ရှိတာကြောင့် ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်’’ ဟုအကြံပြုချက်ပြောကြားခဲ့သည်။ 

ငလျင်များသည် အချိန်ကာလ၊ရာသီ ဉတုနှင့် ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် ငလျင်သည် မြေနုချပ်ပွတ်တိုက်ရွေ့လျားမှုကြောင့် လည်းဖြစ်နိုင်ပြီး ထိုငလျင်မျိုးသည် ဗဟိုချက်အနက်နက်လေ့ရှိကြောင်း သိရသည်။ ငလျင်ဆိုသော သဘာဝဘေးသည် လူတို့နေထိုင်ရာမြေပြင်အောက်မှာ ကျောက်သားထု ကျိုးပြတ်ရွေ့လျားသွားသည့် ဖြစ်စဉ်ကြောင့် မြေပြင်တွင် ရုတ်ခြည်းအလျင်အမြန်လှုပ်ခါသွားစေသော သဘာဝဘေး ဖြစ်ကြောင်း သိရသည်။ 

 

မြေပြင်အောက်နီးနီးလောက်တွင်  ရွေ့သွားလျှင်  ရွေ့နေသော  အသံကိုပင်တော်လဲသံကြီးဟူ၍ ကြားနေရတတ်ကြောင်း၊ အင်မတန်ပြင်းထန်စွာ  လှုပ်ခါကြောင်း၊ ငလျင်ပမာဏ ၇ ဒသမ ၁  နှင့်  ၆ ဒသမ ၁ ကို နှိုင်းယှဉ်ပါက  ဂဏန်းတစ်လုံးကွာခြားသွားရုံဖြင့် အဆ ၁ဝ ဆကွာ၍ ပိုမိုပြင်းစွာ လှုပ်ခါ တတ်ကြောင်း၊  ထိုအခါ လူနှင့်လူ့ပတ်ဝန်းကျင်ရှိ အိမ်၊ လမ်း ၊ တံတား၊ လျှပ်စစ်၊ ဆက်သွယ်ရေး အစစအရာရာ အားလုံးပျက်စီးစေနိုင်သည့် အန္တရာယ်ရှိကြောင်း သိရသည်။

ထို့အပြင် မြေပြို/ တောင်ပြိုခြင်း၊ သဲရေပျော်ခြင်း၊ ပင်လယ်လှိုင်းကြီးများ တက်လာစေခြင်း၊ မီးလောင်ခြင်းများကိုပင် ပူးတွဲဖြစ်ပေါ်စေနိုင်ကြောင်း၊ မြေပျော့ပေါ်မှာဆိုလျှင်  ပို၍ပျက်စီးနိုင်ကြောင်း သိရသည်။

လူတို့နေသောကမ္ဘာကြီးသည် လုံးဝန်းလျက်ရှိပြီး ဤအလုံးအဝန်း၏ အတွင်းဆုံးမှ အပေါ်ဆုံးအထိ အလွှာများ ဖြင့် တစ်လွှာချင်းအလွှာ  လေးလွှာတည်ဆောက်ဖွဲ့စည်းထားကြောင်း၊ ကမ္ဘာ့ပေါ်ဆုံး အပေါ်ယံလွှာတွင်  အချပ်အချပ် လိုက်ရှိသော ကျောက်များဖြင့် ဖွဲ့စည်းထားသည့် အထူ ၇ဝ ကီလိုမီတာခန့်ရှိ ကျောက်ထုချပ်များစွာက ကမ္ဘာ့အလယ်လွှာရှိ ကျောက်ရည်ပူပေါ်တွင်   စီးမျှောနေကြောင်း၊ထို  စီးမျှော နေသော  အဆိုပါ ကျောက်ထုချပ်များ ရွှေ့မျောရာမှ ဆုံကြ၊ ခွဲခွာကြ၊ ပွတ်ဆွဲကြဖြင့် မတည်ငြိမ်ကြောင်း၊ ဤသို့ရွှေ့မျော ခြင်းဖြင့် မတည်ငြိမ်သောကြောင့် တစ်ချိန်ချိန်တွင် ငလျင်အဖြစ် လှုပ်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ မှ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်၌ ငလျင်အကြိမ်ရေ ၄ဝ ခန့်၊ ၂ဝ၁၇ တွင် အကြိမ်ရေ ၆ဝ ကျော် လှုပ်ခတ်ခဲ့ကာ ၂၀၁၈ခုနှစ် ၌ ငါးလကျော်အတွင်း ၌ပင် ငလျင်အကြိမ်ရေ ၁ဝဝ နီးပါး လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ 

ဒေါက်တာယဉ်မျိုးမင်းထွေးက “ရန်ကုန်လို တိုက်ခန်း တွေ ဆိုရင် ကိုယ်နေထိုင်တဲ့ နေရာ က အထပ်မြင့် မှာ နေရင် ငလျင်လှုပ်တဲ့ အချိန်မှာ ပြေးဆင်းရင် အန္တရာယ်ရှိနိုင်တယ်။ မြေညီထပ်ဆိုရင် ကွင်းပြင်တစ်ခု ကိုပြေးထွက်သင့်တယ်။ အထပ်မြင့် က ပြေးဆင်းတာ ဆိုရင်လှေကားမှာ ပိတ်မိတာမျိုးတွေ အပေါ်က ပြုတ်ကျတာတွေ ဖြစ်နိုင်တယ်။ ငလျင်က တကယ့် အချိန် တိုအတွင်း မှာ ပဲ ရုတ်တရက်လှုပ်တာဖြစ်တဲ့ အတွက် အဆောက်အဦးခိုင်ခန့်မှုတွေ နဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်သင့်တယ်’’ ဟူ၍ အကြံပြုပြောကြားခဲ့သည်။  (Xinhua)