မြန်မာနိုင်ငံသို့ နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းခွင့်ပြု

ပုံစာ- "ပြည်ပမှ တင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်းများအား ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ အား တွေ့ရစဉ် Politics, Law & Military

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယနေ့ (မေ ၂၅ရက်)မှစတင်ပြီး နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးမှုမရှိစေရန်နှင့် တရားမဝင် ကုန်စည်များတင်ပို့မှု ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ပြောကြားသည်။

“ အရက်တင်သွင်းခွင့်နှုန်းထားများကိုလည်း အကောက်ခွန်က မြှင့်လိုက်ပါတယ်၊ အရင် အရက်တင်သွင်းခွင့်မပြုထားပေမယ့် တရားမဝင်အရက်တွေ ဝင်နေတယ်၊ အဲဒီတော့ နိုင်ငံတော် ဘဏ္ဍာတွေ ဆုံးရှုံးတယ်၊ တရားမဝင်အရက်တွေကျ အရည်အသွေးပိုင်း စိတ်မချရဘူး၊ နောက်တစ်ခုက ပြောင်းလဲလာတဲ့ခေတ် အခြေအနေရ အဖက်ဖက်က ဆွေးနွေးပြီး ခွင့်ပြုခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားအရက်များကို တရားဝင်တင်သွင်းခွင့်ပြုလိုက်ခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေဆုံးရှုံးမှုမရှိစေခြင်း ၊ တရားမဝင်တင်သွင်းမှုများအား ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ခြင်း၊ အရည်အသွေးပိုင်းတွင် တင်သွင်းလာသူများက တာဝန်ယူစေခြင်းစသည့် အကျိုးများ ရရှိစေမည်ဖြစ်ကြောင်း လက်ထောက်အတွင်းဝန်က ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ဘီယာ ၊ စီးကရက် နှင့် တည်ဆဲဥပဒေအရ ကန့်သတ် တားမြစ်ထားသည့်ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းခွင့်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရက်တင်သွင်းလိုသူ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အရက်တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၀ ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း  ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။(Xinhua)