20
Mon, May
572 New Articles

မြန်မာ့ဆန်များ ဖျက်ဆီးခံရသည့် ကိစ္စ အပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရှင်းလင်း 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၌ တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် တွေ့ ဆုံ ရှင်းလင်းစဉ် (ဆင်ဟွာ) Social

ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

အိုင်ဗရီကို့စ် နိုင်ငံ၌ စားသုံးရန် မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိစစ်လေ့လာတွေ့ရှိချက်များ၊ ဖြစ်စဉ် အကြောင်းတရားများအပေါ် ယနေ့ ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့ ၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာ့ ဆန် အရည်အသွေး နှင့် ယခု ဖြစ်သည့် ကိစ္စ မှာ မည်သို့ မျှ မသက်ဆိုင်ကြောင်း ၊ မြန်မာနိုင်ငံရှိ ဆန်စက် လုပ်ငန်းရှင်များ ၊ ဆန်ကုန်သည်များ နှင့် ဆန်ပြည်ပ တင်ပို့ သည့်သူများ အားလုံးသည် နိုင်ငံတကာ အရည်အသွေး စံချိန်စံညွှန်းကို တတ်နိုင်သမျှ လိုက်လျောညီထွေ ရှိအောင် ကိုက်ညီအောင် ကြိုးစားပြီး တင်ပို့ နေကြောင်း ၊ ပြည်တွင်း စားသုံးသည့် ဆန်များ သည်လည်း စားသုံးသူများ အနေဖြင့် စိုးရိမ်စရာ မရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၌ တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် တွေ့ ဆုံ ရှင်းလင်းစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၌ တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် တွေ့ ဆုံ ရှင်းလင်းစဉ် (ဆင်ဟွာ)

မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စမှာ ထူးခြားသော ကိစ္စ ဖြစ်ပြီး စက်တင်ဘာ လခန့်  ကတည်းက သဘောင်္သည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း ၊ အာဖရိက နိုင်ငံများတွင် လှည့်ပတ်ပြီး ရောင်းချနေသည့် အနေအထားမှာ ၁၀ လခန့် အချိန် ကြာမြင့်သွားခဲ့ကြောင်း ၊ သဘောင်္ပေါ်သို့ ဆန်များ တင်သည့် အချိန်တွင်လည်း မိုးရွာခဲ့သည့် အတွက် မိုးမိသွားသော အနေအထားများလည်း ရှိကြောင်း ၄င်းက ထည့်သွင်း ရှင်းလင်းခဲ့သည်။

“အဓိကတော့ မြန်မာနိုင်ငံက တင်လိုက်တဲ့ Exporter တွေရဲ့ တာဝန်ကတော့ သဘောင်္ပေါ်မှာ တင်ပြီးသွားတဲ့ အချိန်မှာ သူတို့ ရဲ့ အရောင်းအ၀ယ် စာချုပ် အရ တာဝန်က ပြီးသွားပါပြီ။(Free On Board) စနစ်နဲ့ ရောင်းတာ ဖြစ်တဲ့ အတွက် ကျန်တာ ကုန်ဝယ်ယူတဲ့ အဖွဲ့ အစည်း ဖြစ်တဲ့  Olam ကနေ ပြီးတော့ တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Olam ကလဲ ဒီကိစ္စတွေကို စုံစမ်းပြီး ဆောင်ရွက်နေပါတယ်။”ဟု ဦးရဲမင်းအောင်က ရှင်းလင်းခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အနေဖြင့် အဆိုပါ ကိစ္စရပ်များ ဖြစ်ပေါ်လာခြင်းသည် ဆန်စပါး ကဏ္ဍ အတွက် ဆောင်ရွက်ရမည့် ကိစ္စများအား ပို၍ အလေးပေးပြီး အရည်အသွေးနှင့် ပတ်သက်သည့် ကိစ္စများအား ပို အလေးပေးပြီး ဆောင်ရွက်ရန် နှိုးဆော်လိုက်သည့် အနေအထားမျိုးဟု ယူဆကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးမှုများ အလုံးစုံ မပြီးပြတ်သေးကြောင်း ၊ ဘက်ပေါင်းစုံမှ စုံစမ်း စစ်ဆေး နေသည့် အနေအထား ရှိကြောင်း သိရသည်။

ဆန်စပါး ဈေးကွက်တွင် ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်သည် ပြည်တွင်း၌ စားသုံးပြီး ၂၀ ရာခိုင်နှုန်းခန့် သာ ပြည်ပ တင်ပို့ ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည် အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် သတင်းသည် နိုင်ငံ၏ အားနည်းချက် မဟုတ်ကြောင်း ၊ မြန်မာ့ဆန် အရည်အသွေး ညံ့ဖျင်း၍ မဟုတ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာ့ဆန် တန်ချိန် ၁၈,ဝဝဝ ကို အိုင်ဗရီကို့စ်နိုင်ငံက စားသုံးရန် မသင့်ဟုဆိုကာ ဖျက်ဆီးခဲ့ကြောင်း ပြီးခဲ့သည့် အပတ်က သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)