25
Tue, Jun
549 New Articles

၂၀၁၉ခုနှစ် “တရုတ်စာပေ ပေါင်းကူးတံတား ” တက္ကသိုလ်ကျောင်းသားအဆင့် ကမ္ဘာတစ်ဝန်း တရုတ်ဘာသာစကားပြိုင်ပွဲ၏ ရန်ကုန် ပဏာမ ရွေးချယ်ပွဲ စတင်ပြီ 

၂၀၁၉ ခုနှစ် “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ တက္ကသိုလ်ကျောင်းသားအဆင့် ရန်ကုန်ပဏာမ ရွေးချယ်ပွဲတွင် စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ) Culture

ရန်ကုန်၊ မေ ၁၈ ရက်(ဆင်ဟွာ)

၂၀၁၉ခုနှစ် “ (၁၈)ကြိမ်မြောက် တရုတ်စာပေ ပေါင်းကူးတံတား ” တက္ကသိုလ်ကျောင်းသားအဆင့် ကမ္ဘာတစ်ဝန်း တရုတ်ဘာသာစကားပြိုင်ပွဲ၏ ရန်ကုန် ပဏာမ ရွေးချယ်ပွဲကို ယနေ့ (မေ ၁၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်မြို့ တရုတ်ဘာသာစကားသင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကို တစ်ဦးချင်းအလိုက် ခေါင်းစဉ်ရွေး ဟောပြောခြင်း ၊ နှစ်ဦးစီအလိုက် ရုပ်ရှင်ဗီဒီယို သရုပ်ပြ စကားပြောအသံသွင်းခြင်းဟူ၍ နှစ်ပိုင်းခွဲယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်များက  မိမိ၏အတွေ့အကြုံ၊ ရည်မှန်းချက်၊ ဘာသာစကား၏အရေးကြီးပုံ၊ ကမ္ဘာတစ်ဝန်း မိတ်ဆွေများအကြား အသားအရောင်၊ လူမျိုးမရွေးအပြန်အလှန်ကူညီတတ်ကြပုံ စသည့်အကြောင်းအရာများဖြင့် “ကမ္ဘာ့ မိသားစုကြီး” ဟူသော ပြိုင်ပွဲခေါင်းစဉ်ကို ပေါ်လွင်အောင် ပြောကြားနိုင်ခဲ့သလို ရုပ်ရှင်ဗီဒီယို သရုပ်ပြ စကားပြော အသံသွင်းခြင်းတွင်လည်း ပီပီပြင်ပြင် ဟာသနှော၍ ဖျော်ဖြေ သရုပ်ပြ ယှဉ်ပြိုင်နိုင်ခဲ့ကြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယဉ်ကျေးမှုဌာနမှ ပထမအတွင်းရေးမှူး မစ္စတာ ရိကျားနှင့် ပြိုင်ပွဲတွင် ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများ တွေ့ရစဉ်(ဆင်ဟွာ)

ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ ၂၁ ဦးအနက် တရုတ်စကားပြောစွမ်းရည် ထူးချွန်သူ ၁၀ ဦးအား  ဇွန်လ ၁ ရက်နေ့တွင် ကျင်းပမည့် “တရုတ်စာပေ ပေါင်းကူးတံတား ”ရန်ကုန်ဒေသ နောက်ဆုံးဆန်ခါတင်ရွေးချယ်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။  ထို့နောက် ဆန်ခါတင်ရွေးချယ်ပွဲတွင် အထူးချွန်ဆုံးသူအား ထပ်မံရွေးချယ်၍ တရုတ်နိုင်ငံတွင် ကျင်းပမည့် “တရုတ် စာပေ ပေါင်းကူးတံတား ” တက္ကသိုလ်ကျောင်းသားအဆင့် ကမ္ဘာတစ်ဝန်း တရုတ်ဘာသာစကားပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။ 

 ၂၀၁၉ခုနှစ် “တရုတ်စာပေ ပေါင်းကူးတံတား ” ပြိုင်ပွဲ တက္ကသိုလ်ကျောင်းသားအဆင့်  ရန်ကုန်ပဏာမ ရွေးချယ်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ) 

“တရုတ်စာပေ ပေါင်းကူးတံတား ”ပြိုင်ပွဲသည် တရုတ်နိုင်ငံ ကွန်ဖြူးရှပ်အင်စတီကျု ရုံးချုပ်မှ ဦးစီး၍ ၂၀၀၂ ခုနှစ်မှစတင်ခြင်းဖြစ်ပြီး တက္ကသိုလ်အဆင့်ပြိုင်ပွဲ၊  အလယ်တန်းအထက်တန်းအဆင့်ပြိုင်ပွဲနှင့်တရုတ်ဘာသာစကားသင်ယူလေ့လာသူနိုင်ငံခြားသားများပါဝင်ယှဉ်ပြိုင်သည့်ပြိုင်ပွဲဟူ၍ သုံးမျိုးခွဲခြား ကာ ကမ္ဘာတစ်ဝန်းနိုင်ငံနှင့်ဒေသအသီးသီးတွင် နှစ်စဉ်ကျင်းပလေ့ရှိကြောင်းသိရသည်။ (Xinhua)