18
Sun, Aug
565 New Articles

ရေနံသင်္ဘောဖမ်းဆီးထိန်းသိမ်းသည့် ဗြိတိန်၏လုပ်ရပ်ကို အီရန် အမြင့်ဆုံးခေါင်းဆောင် အပြစ်တင်ဝေဖန်

အီရန်နိုင်ငံ၏ Grace 1 ရေနံတင်သင်္ဘောအား ဂျီဘရောတာ ရေလက်ကြားတွင် တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

တီဟီရန်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ဗြိတိန်၏ ရေနံသင်္ဘောဖမ်းဆီးထိန်းသိမ်းမှုကို အပြင်းအထန်ပြစ်တင်ရှုတ်ချကြောင်း အီရန်နိုင်ငံ၏အမြင့်ဆုံး ခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) က  ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု Tasnim သတင်းအေဂျင်စီ၏ ယင်းနေ့တွင်ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ 

ဗြိတိန်က အီရန်ရေနံသင်္ဘောကို နိုင်ငံတကာ ရေပိုင်နက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းသည် ပင်လယ်ဓါးပြတို့၏ လုပ်ရပ်ဖြစ်ရာ ၄င်းကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စကားအလှတန်ဆာဆင်ရန် ကြိုးပမ်းနေသည်ဟု အလီ ခါမေနီက အီရန် ဘာသာရေးနယ်ပယ်မှကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။အီရန်အနေဖြင့် ယခုကဲ့သို့ လုပ်ရပ်မျိုးကို မတုန်မလှုပ်နေမည်မဟုတ်၊ သင့်လျော်သည့်အချိန်အခါနေရာတွင် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ယခုလဆန်းပိုင်းက ဂျီဘရော်တာ(Gibraltar)တွင် အီရန်၏ Grace 1 ရေနံတင် သင်္ဘောကို ဗြိတိန်က ထိန်းသိမ်းခဲ့သည်။ အီးယူမှ ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံသို့ ရေနံစိမ်းတင်ပိြု့ခင်းကြောင့် ၄င်းသင်္ဘောအား ထိန်းသိမ်းရခြင်းဖြစ်ကြောင်း ဆိုသည်။ 

ဗြိတိန်အနေဖြင့် ရေနံသင်္ဘောဖမ်းဆီးထိန်းသိမ်းမှုသည် အမေရိကန်၏ အီရန်အပေါ်ပိတ်ဆို့မှုကို  နောက်လိုက်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း  ငြင်းဆိုထားပြီး အီရန်နျူကလီးယား သဘောတူညီချက်ကို ထိန်းသိမ်းရန်ထောက်ခံသည်ဟု ဆိုသည်။  အီရန်က ဗြိတိန်၏အပြစ်တင်ပြောဆိုချက်ကို ငြင်းဆိုထားရာ ဖမ်းဆီးထိန်းသိမ်းထားသည့် ရေနံသင်္ဘောကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အန္တရာယ်များသည့် ကစားပွဲကို ဗြိတိန်က မဆင်နွှဲရန် သတိပေးပြောဆိုထားသည်။  (Xinhua)