ဆော်ဒီအာရေဗျနိုင်ငံတွင် ပြဇာတ်သရုပ်ဆောင် ၃ ဦးကို ဓားဖြင့်ထိုးမှုကြောင့် ယီမင်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တော်အလယ်၊ ပန်းခြံတစ်ခုရှိ စင်မြင့်ပေါ်၌ တိုက်ရိုက်တင်ဆက်မှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ရီယာ့ဒ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတွင် ပြဇာတ်သရုပ်ဆောင် ၃ ဦး ဓားထိုးခံမှုနှင့်ဆက်နွယ်သည့် ယီမင်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက နိုဝင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ နိုဝင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် ည ၈:၀၀ နာရီက ဖြစ်ပွားခဲ့ကြောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တော်အလယ်၊ ပန်းခြံတစ်ခုရှိ စင်မြင့်ပေါ်၌ တိုက်ရိုက်တင်ဆက်မှု ပြုလုပ်နေစဉ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရီယတ် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှာကာ အယ်-တူဝေဂျရီ (Shaker Al-Tuwaijri) က ပြောကြားခဲ့သည်။

ဓားထိုးခံရသူ ၃ ဦးမှာ အပေါ်ယံဒဏ်ရာများ ရရှိကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်က အတည်ပြုပြောကြားခဲ့သည်။ အသက် ၃၃ နှစ်အရွယ် တရားခံအား ချက်ချင်းဖမ်းမိခဲ့ပြီး ၎င်းထံမှ တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဓားကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူက တိုက်ခိုက်မှုဖြစ်ပွားရသည့် နောက်ကွယ်ကအကြောင်းရင်းအား ပြောကြားထားခြင်းမရှိသလို ဒဏ်ရာရသူများမှာ မည်သူဖြစ်ကြောင်းကိုလည်း အသေးစိတ်ပြောကြားထားခြင်း မရှိပေ။ (Xinhua)