12
Tue, Nov
469 New Articles

ထိုင်းနိုင်ငံ နာမည်ကျော် Similan ကျွန်းများတွင် ညလုံးပေါက် လည်ပတ်ခွင့် တားမြစ်

ထိုင်းနိုင်ငံ နာမည်ကျော် Similan ကျွန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

ဘန်ကောက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော နာမည်ကျော် Similan ကျွန်းများတွင် အောက်တိုဘာလ ၉ ရက်မှစ၍ ညလုံးပေါက် နေထိုင်မှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်က Royal Gazette တွင် ထုတ်ပြန်ကြေညာချက်အရ ပန်းဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်မှုဌာနက အဆိုပါ ကျွန်းတွင် ညလုံးပေါက် လည်ပတ်မှုများ တိုးမြင့်လာခြင်းကြောင့် သန္တာကျောက်တန်းများနှင့် ပင်လယ်သဘာဝစနစ်များ ပျက်စီးသွားသည့်အတွက် ထိုသို့နေထိုင်ခြင်းကို အချိန်အကန့်အသတ်မရှိ တားမြစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ကန့်သတ်ချက်က အောက်တိုဘာလ ၉ ရက်မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။

သို့သော်လည်း Similan ကျွန်းများ အမျိုးသား ပန်းဥယျာဉ်မှ ယခင်ကခွင့်ပြုချက်ရရှိပြီးသားဖြစ်သည့် ရေငုပ်ခရီးမှ ခရီးသွားဧည့်သည်များကိုမူ အဆိုပါ ကျွန်းများ၌ ညလုံးပေါက်နေထိုင်ခြင်းကို ခွင့်ပြုမည်ဖြစ်သည်။

ယင်း ကြေညာချက်သည် ထိုကဲ့သို့ အချက်မှလွဲ၍ မည်သည့်အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိပေ။

Similan ကျွန်းများသည် ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ကျွန်း အနောက်မြောက်ဘက် ၈၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်အတွင်း လူသိအများဆုံး ကျွန်းအုပ်စုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ယင်းကျွန်းများ၏ ကျော်ကြားသော သန္တာကျောက်တန်းများနှင့် ပင်လယ်သက်ရှိဘဝများမှာ လွန်ခဲ့သောနှစ်များအတွင်း ထိခိုက်မှုရှိခဲ့သည်။

ခရီးသွားဧည့်သည်များအနေဖြင့် အဆိုပါ ကျွန်းများတွင် နေ့အချိန် လည်ပတ်နိုင်ရန် ခွင့်ပြုထားဆဲဖြစ်သည်။ ထိုကျွန်းရှိ ကမ်းခြေများ၏ အမှန်တကယ် လက်ခံနိုင်စွမ်းမှာ ၃,၈၅၀ ဦးသာရှိသော်လည်း ခရီးသွားရာသီအတွင်း နေ့စဉ် ဧည့်သည် ၅,၀၀၀ ကျော် လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)