တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးသည် နိုင်ငံတကာ၏ ထောက်ခံမှုနှင့်အတူ အောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ရိ ပြော

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ လာအိုနိုင်ငံ၌ ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းကပြုလုပ်သော ၅ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးညစာစားပွဲ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ) Social, Education & Health

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) တိုက်ဖျက်ရေးသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ အားပေးထောက်ခံမှုနှင့်အတူ  အောင်မြင်မှုရရှိမည်ဟု အပြည့်အဝယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

တရုတ်-အာဆီယံ ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့် ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ညစာစားပွဲ၌ ဝမ်ရိက မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် တရုတ်ပြည်သူများသည် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အတူတကွ အားအင်အပြည့်ဖြစ်ဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုများပြုလုပ်ခဲ့ပြီးနောက်တွင် အခြေအနေများမှာ အကောင်းဖက်သို့ ဦးတည်ပြောင်းလဲလာနေကြောင်း ဝမ်ရိက ဆိုသည်။ လက်ရှိတွင် ဝူဟန့်မြို့နှင့် ဟူပေပြည်နယ် အတွင်းရှိအချို့နေရာများတွင် ကူးစက်ရောဂါဖြစ်ပွားမှု ဆက်လက်ကျန်ရှိနေသေးသော်လည်း အခြေအနေမှာ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အခြားဒေသများတွင် ရောဂါနှိမ်နှင်းရေး သတင်းကောင်းများ ဆက်တိုက်ရရှိနေကြောင်း ၎င်းက ဆိုသည်။

ဉပမာအနေဖြင့် COVID-19 ကူးစက်မှုအရေအတွက်သည် ၁၅ ရက်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ရောဂါကုသပျောက်ကင်းသွားသော လူနာအရေအတွက်မှာလည်း တိုးများလာနေကြောင်း ၊ ဖေဖော်ဝါရီ ၁၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်လူနာ ၁၄,၀၀၀ ကျော် ရောဂါသက်သာသွားပြီဖြစ်ကြောင်း ၊ ပထမဆုံးအကြိမ်အဖြစ် လူနာသစ် အရေအတွက်ထက် ရောဂါပျောက်ကင်းသူအရေအတွက် ပိုမိုများပြားခဲ့သည့် အနေအထားတစ်ရပ်သို့ရောက်ရှိလာကြောင်း ၎င်းက ပြောသည်။ 

ယင်းမှာ ကူးစက်ရောဂါအား ထိန်းချုပ်နိုင်ခြင်း နှင့် ကုသနိုင်ခြင်းကို ဖော်ပြ နေခြင်းဖြစ်ကြောင်း ဝမ် ကဆိုသည်။ဗိုင်းရပ်စ်ပိုးများသည် လူသားအားလုံးအတွက် ဘုံရန်သူဖြစ်ကြောင်း နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းကို ကိုင်တွယ်ဖြေရှင်းရန် အတူလက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တစ်နိုင်ငံတည်း အထီးကျန်စွာ တိုက်ဖျက်နေရခြင်းမဟုတ်ကြောင်း နှင့် လက်ရှိတွင် ကမ္ဘာတစ်လွှားရှိ နိုင်ငံများထံမှ ထောက်ခံမှု နှင့် နားလည်စာနာမှုကို ရရှိနေကြောင်း ၊ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော် နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်တို့မှ ခေါင်းဆောင်များက တရုတ်နိုင်ငံအပေါ် အားပေးထောက်ခံမှုအား ထုတ်ဖော်ပြသခဲ့ကြပြီးဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ် နှင့် အာဆီယံ နိုင်ငံများသည် တောတောင်ရေမြေခြင်း ထိစပ်နေရာ မိသားစုဝင် တစ်ခုတည်းဖြစ်ရုံမျှသာမက ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုလည်း ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့ပြီး အာဆီယံမိတ်ဆွေနိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်ကတည်းက စတင်ကာ တရုတ်နိုင်ငံနှင့်အတူ ရပ်တည်ပေးခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်က ၎င်း၏ အလုပ်အစီအစဉ် အချိန်ဇယားများအားရွှေ့ဆိုင်းကာ တရုတ်နိုင်ငံသို့ အထူးအလည်အပတ်ခရီးစဉ်တစ်ခုအဖြစ်လာရောက်ခဲ့ပြီး ခက်ခဲသောအချိန်ကာလများတွင် မိတ်ဆွေစစ် အဖြစ်ရပ်တည်မှုကို ထုတ်ဖော်ပြသခဲ့ကြောင်း ဝမ်က ဆိုသည်။၎င်းက အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း တရုတ်နိုင်ငံအတွက်ထောက်ပံ့မှုများအား နည်းလမ်းမျိုးစုံဖြင့် ကူညီခြင်းအပေါ် ချီးကျူးစကား ပြောကြားခဲ့သည်။အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ စာနာမှုဖော်ပြခြင်းမှာ ကူးစက်ရောဂါတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံအတွက် ပို၍ ယုံကြည်မှု ခိုင်မာစေကြောင်း ဝမ်က ပြောကြားခဲ့သည်။ “ ဆောင်းရာသီရဲ့အအေးဒဏ်ကို နွေးဦးရဲ့ အနွေးဓာတ်က ချဉ်းကပ်လာလိုခံစားရပါတယ် ” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ရိက ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပမည့် တရုတ်-အာဆီယံ ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်း နှင့် ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၎င်းအစည်းအဝေးများက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်လိမ့်မည်ဖြစ်ပြီး တရုတ်နှင့်အာဆီယံအနေဖြင့် လက်ချင်းချိတ်ကာ နိုင်ငံအားလုံးမှ ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ရန် နှင့် ဒေသတွင်းကျန်းမာရေး လုံခြုံမှုကို မြှင့်တင်ရန် ရောဂါတိုက်ဖျက်ရေးကို အတူတကွ လုပ်ဆောင်သွားမည်ဆိုသည့် သတင်းစကားတစ်ခုကို ကမာ္ဘသို့ပါးလိုက်ခြင်းလည်း ဖြစ်ကြောင်း ဆိုသည်။“ တရုတ်-အာဆီယံ ဆက်ဆံရေး နဲ့ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီရဲ့ ဆက်ဆံရေးဟာ ရောဂါတိုက်ဖျက်ရေးဆောင်ရွက်မှုပြီးစီးသွားတဲ့အချိန်မှာ ပိုပြီးနက်ရှိုင်းခိုင်မာလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဝမ်ရိက ဆိုသည်။(Xinhua)