Connect with us

Local

ITC ကတ်ဖြင့် ကုန်သွယ်မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁.၆၇ ဘီလီယံကျော် အထိ ယခု ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပြုလုပ်နိုင်

မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ထုတ်ပေးနေသည့် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် (ITC)ကတ်အား စတင်သည့် အချိန်မှ ယခုအချိန်ထိ ကတ်ပေါင်း ၁ဝ၃၅ခု အထိ ထုတ်ပေးနိုင်ခဲ့ရာယင်းကတ် အသုံးပြုကာ ကုန်သွယ်မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁.၆၇ ဘီလီယံကျော် အထိ ယခု ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပြုလုပ်နိုင်ခြင်းကြောင့် တစ်ဦးချင်း ကုန်သွယ်မှု တိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ITC ကတ်အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေးခဲ့ပြီး အဓိကအားဖြင့် တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုဘဏ္ဍာနှစ် အတွင်း ယင်းကတ် အသုံးပြုကာ ကုန်သွယ်မှုတွင် ပို့ကုန် အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇၁ သန်းကျော်၊ သွင်းကုန် အနေဖြင့် အမေရိကန် ဒေါ်လာ ၁ . ၄ ဘီလီယံကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သဖြင့် ပို့ကုန် ကဏ္ဍတွင် လျော့နည်း နေသေးကြောင်း သိရသည်။
ယင်းကတ်ဖြင့် ကုန်သွယ်မှုကို တမူးနယ်စပ် ကုန်သွယ် ရေးစခန်း၌ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလတွင် လည်းကောင်း၊ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်နှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် တို့၌ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း၊ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်း၌ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လည်းကောင်း အသီးသီး ကုန်သွယ်မှုများ စတင် ပြုလုပ်ခဲ့သည်။ အလားတူ လွယ်ဂျယ် ကုန်သွယ်ရေးစခန်း၌ ၂ဝ၁၃ ခုနှစ် မတ် ၁ ရက်တွင် လည်းကောင်း၊ စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မောင်တော ကုန်သွယ်ရေးစခန်းတို့၌ ဧပြီ ၁ ရက်တွင်လည်းကောင်း၊ မောတောင်နှင့် ထီးခီး ကုန်သွယ်ရေးစခန်းတို့၌ ဇူလိုင် ၁ ရက်တွင်လည်းကောင်း၊ မန္တလေး၊ ကျိုင်းတုံနှင့် မြစ်ကြီးနားတို့၌ ၂ဝ၁၄ ခုနှစ်အတွင်းက လည်းကောင်း၊ ကျိုင်းလပ်နှင့် မယ်စဲ့စခန်းတို့၌ ၂ဝ၁၅ ခုနှစ် အတွင်းက လည်းကောင်း အသီးသီး ကုန်သွယ်မှုများ စတင် လုပ်ဆောင်နိုင်ခဲ့ကြောင်းမြဝတီ သတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.