Connect with us

Politics, Law & Military

အစိုးရသစ်၏ ပထမဆုံး JICM တွင် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အတွေးအခေါ်များ တင်ပြနိုင်မည်ဟု မျှော်လင့်

JICM အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာ စကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အစိုးရသစ်လက်ထက် ပထမဦးဆုံး ကျင်းပသည့် JICM (Joint Implementation Coordination Meeting) တွင် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အတွေးအခေါ်များ တင်ပြနိုင်မည်ဟု မျှော်လင့် ကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့JICM အစည်းအဝေးအဖွင့် စကားတွင် ထည့်သွင်း ပြောကြားခဲ့ သည်။

“JICM ကို ဒီလို ဆွေးနွေးတာ ဒီနေ့က ပထမဆုံးပါ၊ ထာဝရငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ဘယ် အပိုင်းကနေပဲကြည့်ကြည့် ဘယ်ရှုထောင့်က နေပဲကြည့်ကြည့် ကျွန်မတို့ရဲ့ ရည်ရွယ်ချက် အတိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လို ပိုပြီးတော့ အောင်မြင်အောင် လုပ်နိုင်မလဲ ပိုပြီး တော့ တိုးတက် အောင် ပိုပြီးတော့ ရှေ့ရောက်အောင်လုပ်နိုင်မလဲ ဆိုတဲ့ အတွေးအခေါ်တွေနဲ့စဉ်းစားမယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်၊ ကျွန်မတို့ အားလုံးက ပါဝင်မှ ငြိမ်းချမ်းရေးဆိုတာ ရနိုင်တာပါ။ အားလုံးကနေပြီး တော့ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အတွေးအခေါ်တွေကို တင်ပြနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

JICM အစည်းအဝေးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ထို့အပြင် “ကျွန်မတို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို မျက်ခြည်မပြတ် သွားနေဖို့ လိုတယ်၊ တစ်ချိန်တည်းမှာ ခြေလှမ်းတွေကလည်း မှန်မှန်ကန်ကန်နဲ့တက်ညီလက်ညီ ရှိဖို့လည်း အများကြီး လိုအပ်ပါတယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ဖို့အချေအတင်ပြောဖို့ အားပေးတာ မဟုတ်ပါဘူး၊ ဆွေးနွေးမှု အားလုံးဟာ မှန်ကန်တဲ့ စိတ်ဓာတ်ကို အခြေခံဖို့ ရည်ရွယ်ပြီး ပြောတာပါ။ ပထမဦးဆုံးပြောချင်တာက စကားတစ်ခုဟာ မှန်လား မမှန်လားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ ဒုတိယကတော့ မှန်ရင်တောင်မှ ဒါ ပြောခြင်းအားဖြင့် အကျိုးရှိသလား၊ ငြိမ်းချမ်းရေး အတွက် ပြောတဲ့အခါမှာ မှန်ကန်တဲ့ စကားတွေ ဖြစ်ဖို့လည်း လိုပါတယ်၊ အကျိုးရှိတဲ့ စကားတွေ ပြောဖို့လည်း လိုပါတယ်၊ တတိယနဲ့စတုတ္ထကတော့ ခံသာတဲ့ စကား၊ မခံသာတဲ့ စကား ဆိုတာကြည့်ရမယ်၊ ခံသာတယ် မခံသာတယ်ဆိုတာထက် အများ လက်ခံနိုင်တယ် လက်မခံနိုင်တယ်ဆိုတာ ကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကတော့ အမြဲတစေ မပြောင်းလဲတာ မဟုတ်ပါဘူး၊ တချို့စကားတွေက တစ်ချိန်မှာ လက်မခံနိုင်ပေမယ့် နောက်တစ်ချိန်မှာ လက်ခံနိုင်တာ ၇ှိပါတယ်၊ ဒါကြောင့်မို့လို့ အခုလို အစည်းအဝေးတွေကို ကျင်းပနေတာပါ။ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် စကား မပြောခဲ့တဲ့ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များဟာ ဒီအချိန်မှာ ဆွေးနွေးနိုင်တယ်ဆိုတာကိုက တစ်ခါတုန်းက လက်မခံခဲ့တဲ့ ကိစ္စတွေ အတွေးအခေါ်တွေ အမြင်တွေကို အခု လက်ခံနိုင်လာပြီဆိုတဲ့ အခြေအနေကို ပြတာပဲဖြစ်ပါတယ်။ အခု ဒီအစည်းအဝေး ကို တက်လာတဲ့ ပုဂ္ဂိုလ်များဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လို ပံ့ပိုးမလဲ ဘယ်လို တိုးတက်အောင် လုပ်ပေးမလဲ၊ ဘယ်လို အောင်မြင်အောင်လို့လုပ်နိုင်မလဲ ဆိုတဲ့ အတွေးအခေါ်တွေ ရှိကြမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်” ဟုလည်း ဖြည့်စွက် ပြောခဲ့သည်။

JICM အစည်းအဝေးတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမူတူး စေးဖော အကြံပြုပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့နံနက် ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးသို တက်ရောက်ခဲ့သည့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း “တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် မူဝါဒတွေရှိပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ကိုယ့်အမြင်၊ သူ့အမြင်တွေ ဒါတွေကို တိတိကျကျ လိုက်နာလို့ရှိရင် ထိုးပြီးသား အဖွဲ့တွေ ရော၊ မထိုးသေးတဲ့ အဖွဲ့တွေလည်းပဲ ထိုးလာနိုင်တဲ့ အနေအထားရှိတယ်။ ထိုးပြီးသား အဖွဲ့တွေက လည်းပဲ ပြဿနာကြီးကြီးမားမား တစုံတရာ အကြီးအကျယ် မရှိဘဲနဲ့ ကျွန်တော်တို့ပြည်သူအားလုံး မျှော်မှန်းထားတဲ့ ထာဝရငြိမ်းချမ်းရေးဖြစ်လာနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရှိရင် ကျနော်တို့ NCA ဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ အချက် မဟုတ်ပါဘူး၊ ဒါလူတိုင်းသိပါတယ်။ သို့သော်လည်း တချိုု့အဖွဲ့အစည်းများက နားလည်မှု လွဲနေတာသည် NCAလက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းတယ်လို့ နားလည်မှုလွဲနေတာ ရှိပါတယ်။ ဒါတွေကို နားမလည်သေးတဲ့အဖွဲ့ရော၊ နားလည်ပြီးတော့မှ နားမလည်ချင်ယောင်ဆောင်တဲ့ အဖွဲ့တွေရော သိအောင်လို့ ကျွန်တော်တို့လက်မှတ်ထိုးပြီးသားတိုင်းရင်းသားခေါင်းဆောင်ကြီးများက တဆင့်စကားတဆင့်ကြား ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ဒါလေးတွေလည်းပဲ တိုက်တွန်း ပေးစေကြောင်းပြောလိုပါတယ်” ဟု တက်ရောက်လာသူများကို ပြောကြားခဲ့သည်။

JICM အစည်းအဝေးသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အစည်းအဝေးသို့ NCA တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့ခေါင်းဆောင်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖောက လည်းယခု အစည်းအဝေးနှင့် ပတ်သက်ပြီး အကြံပြုပြောကြားခဲ့သည်။“NCA ဟာ ကျွန်တော်တို့အားလုံးအတွက် အဆုံးအဖြတ် မဟုတ်သလို အရှုံးပေးခြင်း၊ အနိုင်ယူခြင်း လည်း မဟုတ်ပါဘူး၊ NCA ဟာ အားလုံး လက်ခံနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုကို ရောက် အောင် ပို့ဆောင်နိုင်တဲ့ မဆုတ်မနစ် ပါဝင်လိုသူတွေအတွက် အသုံးခံ ကိရိယာတစ်ခုဖြစ်ပြီး ငြိမ်းချမ်း ရေး ပန်းတိုင်ကို ရောက်အောင် ပို့ဆောင်နိုင်တဲ့ယာဉ်တစ်မျိုးလည်း ဖြစ်ပါတယ်၊ သူ့ကို အားလုံး အကျိုးအတွက် အသုံးချနိုင်ဖို့ပဲ လိုပါတယ်၊ တလွဲသုံးရင်တော့ တလွဲ ဖြစ်မှာပဲ ဖြစ်တယ်” ဟု အမှာ စကား ပြောကြားပြီး NCA ပါ အချက်အလက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ အချက်အလက် အချို့ကို တင်ပြ တောင်းဆိုခဲ့သည်။

၎င်းတင်ပြခဲ့သည့် အချက်များမှာ NCA အခန်း (၃) နှင့် (၄) ပါ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၏ ပြည်နယ် အချို့တို့တွင် JMC မဖွဲ့နိုင်သေးခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်နိုင် သည့် အဖွဲ့များ ကျန်၇ှိနေခြင်း၊ အခန်း (၇) ရှိ ဆက်ဆံရေး ရုံးများ အခြေအနေ၊ NCA ပါ တန်းတူရေး၊ အကျေအလည် ညှိနှိုင်းရေးနှင့် အပြန်အလှန် အလျှော့အတင်း လုပ်သည့် Dialogue ယဉ်ကျေးမှု ဖြစ်မြောက်ရေး တို့အပါအဝင် နည်းနည်းစီ ကွဲလွဲမှုများ ရှိနေသည်ကို ပြန်လည်သုံးသပ်ကြရန်နှင့် သုံးသပ်ချက်များကို JICM သို့ပြန်လည် တင်ပြရန် တို့ ဖြစ်ကြသည်။

ထို့အပြင် ၎င်းက “ကျွန်တော်တို့ NCA အကောင်အထည်ဖော်မှုရဲ့ အောင်မြင်မှုအပေါ်၊ အခက်အခဲ တွေ ကျော်လွှားနိုင်မှု အပေါ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက စောင့်ကြည့်နေပါတယ်၊ သူတို့ပါဝင်လာဖို့ဆွဲဆောင်တဲ့နေရာမှာ ကျွန်တော်တို့က NCA အပေါ် ဘယ်လောက် အလေးအနက် ထားပြီး ဘယ်လောက် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်လဲဆိုတာ ပြသဖို့လိုပါတယ်” ဟုလည်း ပြောခဲ့သည်။အစည်းအဝေး၏ ရလဒ်များကို ညနေ ပိုင်းတွင် အသိပေးမည်ဟု အစည်းအဝေး အခမ်းအနားမှူး။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာကို ပြောသည်။ (Xinhua)