Connect with us

Politics, Law & Military

ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် NLDနှင့် ၈၈ မျိုးဆက် ပူးပေါင်းလုပ်ကိုင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) တို့၏ နိုင်ငံရေး ပူးတွဲကြေငြာစာတမ်း နှင့် ပတ်သက်၍ မေလ ၂၇ ရက်နေ့တွင် သတင်းစာရှင်လင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့သည် ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယနေ့ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။

“လက်နက်မကိုင် အကြမ်းမဖက်တဲ့ နည်းနဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ”ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာ ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲ နည်းလမ်းအပါအဝင် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လှုပ်ရှား ဆောင်ရွက်မှုများဖြင့် ဆက်လက် လုပ်ဆောင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေး ဆန္ဒ၊ နိုင်ငံရေး ရည်မှန်းချက်များ အပေါ် အခြေခံ၍ တိုင်းရင်းသား အင်းအားစုများနှင့် အတူ တက်ကြွစွာ လက်တွဲပါဝင်ရေး စသည့် အချက်များ၌ ၈၈ မျိုးဆက်နှင့် NLD တို့ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လက်တွေ့၌ ကြန့်ကြာနေသည့်အတွက် လွှတ်တော်တွင်းနှင့် လွှတ်တော် ပြင်ပမှာ ပါ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လက်ရှိ လွှတ်တော်အတွင်းရှိ အင်အားစုနှင့် မလုံလောက်သည့် အတွက် လွှတ်တော်ပြင်ပ အင်အားစုများ ပါဝင်ရခြင်း ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့်အပြိုင် ပါတီတစ်ခုထူထောင်၍ ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ NLD နှင့်ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

ယနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်၊ NLDနှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေး ပူးတွဲ ကြေညာစာတမ်း သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားသည်။

NLD ပါတီသည် ယခုအချိန်အထိ ရွေးကောက်ပွဲဝင်မည်၊ မဝင်မည်ကို အတိအကျ ထုတ်ပြန် ကြေညာထားခြင်း မရှိသေး သော်လည်း ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးမည်ဟု ခိုင်ခိုင်မာမာ ရပ်တည်ထားသည့်အတွက် ရွေးကောက်ပွဲကို ဖြတ်သန်း ရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.