Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် UEHRD စီမံကိန်းတွင် ပါဝင်ရန် ပုဂ္ဂလိက ကဏ္ဍ လုပ်ငန်း အဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်း

UEHRD နှင့် ပေါင်းစပ် ပါဝင်ရန် ပုဂ္ဂလိက ကဏ္ဍ ကျွမ်းကျင်သည့် အဖွဲ့ ဖွဲ့ စည်းရန် ဆွေးနွေးစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) နှင့် ပေါင်းစပ် ပါဝင်ရန် ပုဂ္ဂလိက ကဏ္ဍ ကျွမ်းကျင်သည့် ကဏ္ဍ ၉ ရပ်ကို ရွေးချယ်ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ ပါဝင်သော လုပ်ငန်း အဖွဲ့ ၉ ဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ငန်း အဖွဲ့များမှာ (၁) ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းအဖွဲ့ ၊ (၂) စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းအဖွဲ့ ၊ (၃) စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့ ၊ (၄) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့ ၊ (၅) အလုပ်အကိုင် ဖန်တီးရေး နှင့် အသက်မွေး ဝမ်းကြောင်း သင်တန်းများ စီစဉ်ဖွင့်လှစ်ရေး လုပ်ငန်းအဖွဲ့ ၊ (၆) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအဖွဲ့ ၊ (၇) အသေးစားငွေကြေးထောက်ပံ့မှု လုပ်ငန်းအဖွဲ့ ၊ (၈) ဘဏ္ဍာငွေ စုဆောင်းရေး (Crowd Funding) လုပ်ငန်းအဖွဲ့ ၊ (၉) ခရီးသွားလုပ်ငန်းကဏ္ဍမြင့်တင်ရေး လုပ်ငန်းအဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကကဏ္ဍအနေဖြင့် နိုင်ငံ့အရေး၊ လူမှုရေးနှင့်ဖွံ့ဖြိုး ရေးအတွက် ရခိုင်ပြည်နယ်၏အရေးပေါ်နှင့် အရေးကြီး လိုအပ်သည့် လုပ်ငန်းများကို သုံးသပ် ဆုံးဖြတ်ပြီး စုပေါင်းအားဖြင့် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းအဖွဲ့များ ပဏာမ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်၌ ချက်ချင်း လက်ငင်းဖြေရှင်းရမည့် ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေး အပြင် ရေတို၊ ရေရှည်လုပ်ငန်းများဖြစ်သည့် စီးပွားရေးလုပ်ငန်း များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရေးတို့ကိုပါ လုပ်ငန်းစီမံချက်များချမှတ်ပြီး ဆောင်ရွက်ကြမည်ဖြစ်သည်။

အောက်တိုဘာ ၂၅ ရက် တွင် UEHRDနှင့် ပုဂ္ဂလိကကဏ္ဍ အစည်းအဝေးကို ထပ်မံကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေး တွင်တင်ပြ အတည်ပြုကြမည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်များ အား ကနဦးလေ့လာရန်အတွက်လုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်များ၊ ကုန်သည်/စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များသည် အောက်တိုဘာလနောက်ဆုံးပတ်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)