ရာဘာခြံငယ်ရှင်များ ဖွံ့ဖြိုးရေး အဓိကထား ဆောင်ရွက်ရန် အရေးကြီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ အဖွင့် အမှာစကား ပြောကြားစဉ်။ Agriculture

နေပြည်တော်၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရာဘာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရာဘာစိုက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်ကို နေရာယူထားသော စိုက်ဧက ၂၀ အောက် ပိုင်ဆိုင်သည့် ရာဘာခြံငယ်ရှင်များ ဖွံ့ဖြိုးရေးကို အဓိက ထား ဆောင်ရွက်သွားဖို့ အရေးကြီးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ယနေ့ International Rubber Conference - 2019 ၌ ပြောကြားခဲ့သည်။

“ယာဉ်အသုံးပြုမှု များပြားလာပြီး တာယာလိုအပ်ချက် ကြီးမားလာတာကြောင့် မိမိနိုင်ငံအတွင်း တာယာ အလုံအလောက်သာ ထုတ်လုပ်နိုင်ရင် သွင်းကုန်တန်ဖိုးလည်း လျှော့ချနိုင်မယ်၊ ရာဘာ စိုက်သူတွေအတွက်လည်း ဈေးကွက် ပိုကျယ်လာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးတက် ရရှိလာမှာ ဖြစ်ပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ရာဘာ အဖွဲ့အစည်းများဖြစ်သည့် သဘာ၀ ရာဘာ ထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC:_ Association of Natural Rubber Producing Countries)၊ အပြည်ပြည်ဆိုင်ရာ ရာဘာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (IRRDB:_International Rubber Research and Development Board) အစရှိသော အဖွဲ့များသို့ ဝင်ရောက်ခွင့်ရရန် ၂၀၁၂ ကတည်းက  ကြိုးပမ်းခဲ့ကြောင်း၊ ၂၀၁၈ ဒီဇင်ဘာတွင် IRRDB အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ IRRDB ၏ အဓိက ရည်ရွယ်ချက်များတွင် ပါဝင်သည့် သဘာ၀ ရာဘာကို ထိခိုက်နိုင်သောကိစ္စရပ်များအပေါ် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များသို့ အကြံပြုချက်များ တင်ပြနိုင်ရေးအတွက် အခြား ဘုတ်အဖွဲ့ဝင်များနှင့် အတူကြိုးပမ်း ဆောင် ရွက် လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိသော ရာဘာ စိုက်ပျိုး ထုတ်လုပ် ခြင်း၊ သစ်တော ပြုန်းတီးမှု၊ ဇီ၀ မျိုးကွဲများ ဆုံးရှုံးမှု ဂေဟစနစ် ပျက်စီးမှု တို့ မဖြစ်သည့် ရေရှည် တည်တံ့နိုင်သော သဘာ၀ ရာဘာ (SNR:_ Sustainable Natural Rubber) စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း အားထုတ် ဖို့လည်း လိုအပ်ကြောင်း၊ SNR ထုတ်လုပ်မှု လုပ်ငန်းစဉ် များ အနေဖြင့် လူ့အခွင့်အရေး ဆိုင်ရာ အကာအကွယ်ပေးမှု၊ စိုက်ပျိုးမြေ အသုံးချမှု၊ စိုက်ပျိုးမှု အလေ့အကျင့်များ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု၊ပွင့်လင်းမြင်သာမှုနှင့် နောက်ကြောင်းပြန် စစ်ဆေးမှုတို့အပေါ် အခြေခံ၍ စိစစ်မည် ဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ရှိ ရာဘာ ထုတ်လုပ်မှု အခြေအနေသည် ဖြစ်နိုင်ခြေ အကောင်းဆုံး အနေအထားသို့ ရောက်ရှိနေပြီး ၎င်းကို အခြေခံ၍ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများပူးပေါင်းဆေ င်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် မကြာမီကာလအတွင်း SNR ရာဘာ အဓိက စိုက်ပျိုး ထုတ်လုပ်ရာ နိုင်ငံ ဖြစ်လာနိုင်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်။

International Rubber Conference - 2019 ကျင်းပနေစဉ်။

မြန်မာနိုင်ငံတွင် ၁၉၀၀ ပြည့်နှစ်ခန့်၌ ရာဘာကို စိုက်ဧက တစ်သောင်းခန့်ဖြင့် စီးပွားဖြစ်စတင် စိုက်ပျိုးခဲ့ရာ ၁၉၄၂ တွင် စိုက်ဧက ၁ ဒသမ ၁၅ သိန်း ဖြစ်လာခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် ရာဘာခြံများ ပျက်စီးခဲ့ရကြောင်း၊ ၁၉၅၆ တွင် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေး ကော်ပို ရေးရှင်းက ရာဘာလုပ်ငန်းများအား  ပြန်လည် ထူထောင်ခဲ့ပြီး ၁၉၆၂ -၆၃ တွင် စိုက်ဧက ၁ ဒသမ ၈၄ သိန်းအထိ တိုးချဲ့ လာနိုင်ခဲ့ကြောင်း၊ ၁၉၈၈ တွင် ဈေးကွက် စီးပွားရေးစနစ်အရ နိုင်ငံတော်က စိုက်ဧကများ တိုးချဲ့လာခဲ့ရာ ၂၀၁၈ - ၁၉ ခုနှစ်အထိ ရာဘာ စိုက်ဧက စုစုပေါင်း ၁ ဒသမ ၆၂ သန်း (၁၆ ဒသမ ၂ သိန်းခန့်)ခန့်အထိ စိုက်ပျိုးပြီး ဖြစ်ကြောင်းသိရသည်။

နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်တွင် ယနေ့ ပြုလုပ်သော အဆိုပါ International Rubber Conference – 2019 သို့ဆက်စပ် ဝန်ကြီး ဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ အရာရှိကြီးများ၊ ANRPC:_ Association of Natural Rubber Producing Countries အထွေထွေ အတွင်းရေးမှူး၊ IRRDB အထွေထွေ အတွင်းရေးမှူး၊ IRRDB အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရာဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ ကိုယ်စားလှယ်များ၊ ရာဘာ စိုက်ပျိုး ထုတ်လုပ်သူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး Conference ကို စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ (၁) ရက်နေ့အထိ နှစ်ရက် ကျင်းပသွားမည်ဟု သိရသည်။(Xinhua)