ဆေးရုံကြီး ၄ ခုတွင် ခွေးကိုက်လူနာကုသမှုဌာနများ ဖွင့်လှစ်၍ ကုသမှု လုပ်ငန်းများ ဆောင်ရွက်

ကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ - ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန) Education & Health

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ခွေးကိုက်လူနာလာရောက် ကုသမှုအများဆုံးဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြ အထွေထွေ ရောဂါကုဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးတို့တွင် ခွေးကိုက်လူနာကုသမှုဌာနများ ဖွင့်လှစ်၍ ကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ခွေးကိုက်လူနာကုသမှုဌာနများ (DBTC) များအတွက် လိုအပ်သော ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ၊ ခွေးရူးပြန် ရောဂါ ကာကွယ်သည့် ပဋိပစ္စည်းများ၊ အခြားဆေးနှင့်ဆေးပစ္စည်းများ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း နှင့် ပြည်သူလူထု အနေဖြင့် ခွေးကိုက်ခံရပါက မိမိတို့နှင့် အနီးဆုံး ရှိသည့် ခွေးကိုက်လူနာ ကုသမှုဌာန (DBTC) များသို့ သွားရောက်၍ လိုအပ်သောကုသမှုများခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်း ထားကြောင်း သိရသည်။

ယင်းဌာနများတွင် လာရောက်ကုသမှုခံယူသော ခွေးကိုက်ခံရသည့် လူနာများအား ခွေးကိုက်ခံရမှု အဆင့် သတ်မှတ်၍ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခြင်း ၊ ပြုစုကုသခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်သည့် ပဋိပစ္စည်း (RIG) ထိုးနှံရန် လိုအပ်သည့် လူနာများအား RIG ထိုးနှံပေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း စသည့်ကုသခြင်းများ အား National Guideline for Human Rabies Prophylaxis နှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခွေးကိုက်လူနာကုသမှုဌာနများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ကုသရေး ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြ အထွေထွေ ရောဂါကုဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများ၊ ဆရာဝန်နှင့် သူနာပြုများ ပူးပေါင်း ဆောင်ရွက်မှုဖြင့် မေ ၂၉ ရက်တွင် အဆိုပါ ဆေးရုံကြီး (၄) ခုတွင် ဖွင့်လှစ်၍ ကုသမှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း ခွေးကိုက်ခံရသည့် လူနာများအား National Guidelines for Human Rabies Prophylaxis နှင့်အညီ အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်စေရန်၊ ခွေးရူးပြန် ရောဂါကာကွယ်ဆေး ထိုးနှံရာ တွင် ကာကွယ်ဆေး လေလွင့်ဆုံးရှုံးမှုကို ‌လျှော့ချနိုင်စေရန်၊

ပြည်သူလူထု အကြား၌ မှန်ကန်သည့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိစေခြင်းဖြင့် ခွေးရူးပြန် ရောဂါ ကာကွယ် ထိန်း ချုပ်ရေး လုပ်ငန်းတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်မှု တိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)