ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ်တွင် ဘုရားဖူးယာဉ် ချောက်အတွင်းကျပြီး လူ ၁၆ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိ

ချောက်အတွင်းသို့ ကားပြုတ်ကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

 

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် ရွာငံကြားမိုင်တိုင် အမှတ် ၂၈မိုင်၃ဖာလုံ  တုတ်ထိုးရေရွာအုပ်စု ယုန်တောင်ကျေးရွာအပိုင်တွင် အောက်တိုဘာ ၂၈ ရက် ည ၇နာရီကျော်က ဘုရားဖူးလာရောက်သော light truckယာဉ် တစ်စီး ချောက်အတွင်းပြုတ်ကျခဲ့ရာမှ လူ ၁၆ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလတ် ဆင်ဟွာသို့ပြောကြားသည်။ 

" ညကတော့ ၁၀ယောက်ကယ်နိုင်ခဲ့တယ်၊ ခုချိန်ထိ(အောက်တိုဘာ ၂၉ရက် နံနက်ပိုင်းထိ) ကားရော အခြားလူတွေ dead bodyတွေ ရှာမတွေ့သေးဘူး"ဟု ၎င်းက ဆိုသည်။

ချောက်အတွင်းသို့ ကားပြုတ်ကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

အဆိုပါ ဘုရားယာဉ်ပေါ်တွင် သံဃာ၊ ကလေးငယ်နှင့် လူလတ်ပိုင်း အပါအဝင်စုစုပေါင်းလူ ၂၆ ဦးလိုက်ပါသွားကြောင်း ၊ ၎င်းချောက်သည် ပေပေါင်းများစွာနက်ကြောင်း အမျိုးသား၊အမျိုးသမီးနှင့် ကလေးငယ် ၁၀ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့်  ရွာငံပရဟိတခေါင်းဆောင် ဦးအေးမင်းစိုးက ပြောကြားသည်။

 

လက်ရှိတွင် ဒဏ်ရာရရှိသူများကို မန္တလေးနှင့် ရွာငံ ဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိပြီး ချောက်အတွင်းရှိ ယာဉ်နှင့် လူများကို ယနေ့ ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

" ချောက်ကပေနက်တယ်၊ ကျန်တဲ့ dead body တွေကို ဒီမနက် ဆက်ရှာပေးနေတယ်"ဟု ဦးအေးမင်းစိုးက ပြောသည်။

 

ယင်း ဘုရားဖူးယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး 

ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာမှ လာရောက်သူများဖြစ်ကြောင်း သိရသည်။(Xinhua)