ရှားပါးကြိုးကြာငှက်ထိန်းသိမ်းရေး နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကြိုးကြာခေါင်းနီတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရှားပါးကြိုးကြာငှက်ထိန်းသိမ်းရေး နှင့် သုတေသနလုပ်ငန်းများကို လက်ရှိတွင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန်ရှိကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန မှ သိရသည်။

သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန မှ ဒေါက်တာနိုင်ဇော်ထွန်းက “ကြိုးကြာငှက်တွေ ထိန်းသိမ်းခြင်း၊ အထူးသဖြင့် ကြိုးကြာခေါင်းနီငှက်တွေရဲ့ ကျက်စားတဲ့ဒေသတွေ ကိုမှတ်တမ်းတင်ခြင်း၊ စောင့်ကြည့်ခြင်း၊ ဒေသခံတွေ ပူးပေါင်းမှတ်တမ်းတင်ခြင်းတွေကို ကျွန်တော်တို့ဌာန အနေနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဆိုသည်။

ကြိုးကြာခေါင်းနီငှက်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်တွေ့ရှိရကြောင်း၊ အထူးသဖြင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိုးယွန်းကြီးအင်းဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ တွင်တွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ရှိသော ကြိုးကြာငှက်များ ၏ အကောင်ရေအတိအကျအား စာရင်းကောက်ယူထားခြင်း မရှိသေးကြောင်း၊ ကြိုးကြာငှက်များသည် အထူးသဖြင့်ရေဝပ်ဒေသများတွင်ကျက်စားကြကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် ကွန်ဗင်းရှင်း နှင့် ရေဝပ်ဒေသ ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည့်အတွက် ယင်းလုပ်ငန်းများသည် ကြိုးကြာငှက်များများ နှင့် ယင်းတို့၏ နေရင်းဒေသများကို အထောက်အကူပြုကြောင်း သိရသည်။

ထို့ပြင်သဘာဝပတ်ဝန်းကျင် နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာ နှစ်အထိ ဥယျာဉ်ဘေးမဲ့တော့ ၁၉ ခုတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများတွင် ငှက်နားနေတန်းပြုလုပ်ခြင်း၊ ငှက်စားကျက်နှင့် ငှက်သားပေါက်ဧရိယာများကာကွယ် ခြင်း၊ ငှက်စာရင်းကောက်ယူခြင်း၊ ဆန်းစစ်ခြင်း နှင့် ကျေးငှက်များအတွက်စားကျက်တည်ထောင်ခြင်းတို့ ပါဝင်ကြောင်း အဆိုပါလုပ်ငန်းများသည်လည်း ကြိုးကြာငှက်များထိန်းသိမ်းရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)