ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိ

တရားမဝင်သစ်များ သယ်ဆောင်လာသည့် စက်လှေများအားတွေ့ရစဉ် (တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့) Politics, Law & Military

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်း ၃,၀၀၀ကျော် တန်ဖိုးရှိ တရားမဝင်သစ် တန် ၁,၁၄၀ ကျော်ဖမ်းမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

တောင်ကုတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဆိပ်ခံတောရွာ၏ အနောက်တောင်ဘက် မီတာ ၄,၀၀၀ ခန့်အကွာနေရာ၌ စက်လှေအကြီး ၄ စီးအား မသင်္ကာ၍စစ်ဆေးရာ ၎င်းစက်လှေများပေါ်တွင် တရားမဝင်သစ်မျိုးစုံခွဲသားဆိုဒ်စုံ ၁၅၂ တန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆ သိန်း)ခန့်နှင့် အမျိုးသား ၃၉ ဦးတို့အားလည်းကောင်း၊ ညနေ ၅ နာရီခန့်တွင် တောင်ကုတ်မြို့နှင့် မီတာ ၅၅၀၀ ခန့်အကွာ တောင်ကုတ်ချောင်းအတွင်း စက်လှေကြီး ၂ စီးပေါ်တွင် တရားမဝင်သစ်မျိုးစုံ ခွဲသားဆိုဒ်စုံ ၁၄၅ တန်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၅ သိန်း)ခန့်နှင့် အမျိုးသား ၂၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင်လည်း တောင်ကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၇,၂၀၀ ခန့်အကွာရှိ ချောင်းလက်တက်ခွဲအနီးနှင့် လက်ပံချောင်းရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာ ကရိုင်းမြစ်အတွင်း၌ ရပ်တန့်ထားသည့် သင်္ဘော ၃ စီး တို့အား မသင်္ကာ၍ စစ်ဆေးရာ ၎င်းသင်္ဘောများပေါ်၌ တင်ဆောင်ထားသည့် တရားမဝင်သစ် ၈၅၀ တန်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂,၅၀၀ကျော်)ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

" ကုန်းလမ်းနဲ့ ရေလမ်းတွေကနေ သစ်တွေ သယ်ယူမှုတွေကို ကျွန်တော်တို့ သေချာစိစစ် စစ်ဆေးအရေးယူနေပါတယ်၊ ခု တပ်က ဖမ်းမိတာဆို တမ်ဖိုးအားဖြင့် သိန်းပေါင်း ၃၀၀၀ကျော် တန်ဖိုးရှိပါတယ်၊ သစ်အမျိုးအစားကတော့ အစုံပဲ၊ သတ်ဆိုင်ရာ နယ်မြေစခန်းမှာ အမှုဖွင့်အရေးယူနေပါပြီ" သစ်တောဦးစီးဌာနမှ ထာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ ဖမ်းဆီးရမိသင်္ဘော ၃ စီး၊ စက်လှေ ၆ စီး၊ တရားမဝင်သစ် စုစုပေါင်း ၁၁၄၇ တန်ခန့်နှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)