တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နွေရာသီ သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ပါက အကူအညီတောင်းခံနိုင် 

ရေခပ်ပြီး ပြန်လာသူ ကလေးငယ်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ) Social

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) 

တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နွေရာသီ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ ဆက်သွယ်သတင်းပို့ အကူအညီတောင်းခံနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရေရနည်းခဲ့သည့်အတွက် ယခုနှစ်တွင် ရေလိုအပ်မှုပိုမိုများပြားနိုင်ကြောင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်က ယနေ့ ဧပြီ ၆ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဦးခန့်ဇော်က “ မနှစ်ကရေဝင်နည်းခဲ့လို့ မိုးရေကန်တွေမှာ ရေကစရှားလာနေပြီ။ မနှစ်က ရွာပေါင်း ၁၀၀ ကျော်လောက်ပဲ ရေလိုအပ်ခဲ့တယ်။ ဒီနှစ်ကတော့ မနှစ်ကထက်ပိုများနိုင်တယ်။ ရွာပေါင်း ၃၀၀ လောက်ရေလိုအပ်နိုင်တယ်လို့မှန်းထားတယ်။ ရေလိုအပ်တယ်လို့ ဆက်သွယ်တာနဲ့ ချက်ချင်း ကူညီမှာပါ။ ဒီအချိန်က လက်ဆေးဖို့ လိုတဲ့ အချိန် ဖြစ်လို့ ရေကို နည်းနည်းတော့ ချွေတာသုံးစေချင်တယ်” ဟုပြောသည်။

လက်ရှိတွင် ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် အတွင်းရှိ  ရွာတစ်ချို့ ၌ ရေလိုအပ်မှု ရှိနေကြောင်း သိရသည်။ ဦးခန့်ဇော်က “တောင်ပေါ်ဒေသအများစုက စိမ့်စမ်းရေထွက်ကို သုံးတာ။ ရေကန် တွေက စရေခမ်းတာ။ မနှစ်က မိုးရတာနည်းတယ်။ နေလည်းပူတော့ အငွေ့ပြန်ပြီး ရေခမ်းတယ်။မွန်ပြည်နယ်ကြတော့ တွင်းတိမ်လေးတွေ ကရေခမ်းတယ်။ မန္တလေး၊ မကွေး ၊ စစ်ကိုင်းကြတော့လည်း ကန်ရေ တွေပဲ ခမ်းကြတာများတယ်’’ ဟုပြောသည်။ 

ဧပြီလ ၃ ရက် အထိ မြို့နယ်ပေါင်း  ၂၁ မြို့နယ် ၊ ကျေးရွာပေါင်း ၆၄ ရွာတွင် ဖြန့်ဝေပေးခဲ့သော ရေဂါလံပေါင်း ၁၉၇,၄၇၆ ဂါလံရှိကြောင်း သိရသည်။ရေရှားပါက ရွာ၏ ရေလိုအပ်ချက်ပေါ်မူတည်ပြီး တစ်ခါတည်း ဆောင်ရွက်ပေးကြောင်း၊ ရေတွင်း၊ ရေကန် တူးပေးခြင်း အပါအဝင် လိုအပ်သည်များကို ဆောင်ရွက်ပေးကြောင်း၎င်းက ဆိုသည်။ သောက်သုံးရေများ အခက်အခဲဖြစ်ပါက သတင်းပို့ခြင်းဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း၊ ထို့ပြင်လှူဒါန်းလိုသူများလည်း ၀၆၇-၃၄၁၈၆၀၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။  (Xinhua)