တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-ကမ္ဘောဒီးယား ပြပွဲ ဖနွမ်းပင်တွင် ပြုလုပ်မည်

၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Asia

ဖနွမ်းပင်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-ကမ္ဘောဒီးယား ပြပွဲအား ပထမဆုံးအကြိမ်အဖြစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး စီစဉ်သူများက မတ်လ ၂၇ ရက်က ပြောကြားလိုက်သည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူး Chen Min က ပြပွဲကို Diamond Island Exhibition Center တွင် သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး ကုမ္ပဏီပေါင်း ၂၉၀ ခန့်က ပြခန်းပေါင်း ၄၄၀ တွင် ၎င်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ပြသမည် ဖြစ်သည်။

“ဒီပြပွဲက ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးက ပထမဆုံး စီစဉ်ဖြစ်တာပါ။ တရုတ်နိုင်ငံ ပြင်ပမှာ ပြုလုပ်တဲ့ အကြီးဆုံး တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖြစ်ပါတယ်” ဟု Chen Min က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုပြပွဲသည် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ၁၅ နှစ်မြောက် နှစ်ပတ်လည် ကျင်းပခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အထွေထွေ ကုန်သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Seang Thay က ပြောကြားခဲ့သည်။

ကုန်စည်ပြပွဲအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများလည်း ကျင်းပသွားမည် ဖြစ်သည်။ (Xinhua)