
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Bowen တရုတ်စာသင်ကျောင်းတွင် ဇူလိုင် ၁၈ ရက်က အသစ်ဖွင့်လှစ်လိုက်သော ရွေ့လျားစာကြည့်တိုက်၌ တရုတ်ယဉ်ကျေးမှု၊ စာပေ၊ သိပ္ပံနှင့် နည်းပညာ၊ ပုံပြင်စာအုပ်များဖြင့် ပြည့်နှက်နေသည့် စာအုပ်စင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်အားထက်သန်စွာ ကြည့်ရှုလေ့လာနေကြသည်။
ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာက စာအုပ်ပေါင်း ၅၃၆ အုပ်ဖြင့် အစပြုခဲ့သော အဆိုပါ အစီအစဉ်သည် ပထမဆုံးခြေလှမ်းဖြစ်ကာ နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြား တရုတ်စာသင်ကျောင်းများနှင့် ဆက်စပ်အဖွဲ့အစည်းများအထိ တိုးချဲ့မည်ဖြစ်ကြောင်း ယင်းစင်တာထံမှ သိရသည်။
ရွေ့လျားစာကြည့်တိုက်က ၎င်း၏ တရုတ်ဘာသာစကားလေ့လာမှုစွမ်းရည်ကို အားကောင်းစေသလို တရုတ်ယဉ်ကျေးမှုအကြောင်း ပိုမိုလေ့လာခွင့်ရမည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု အသက် ၁၈ နှစ်အရွယ် မယွန်းမီမီကျော်က ဆိုသည်။
“ကျွန်မတို့အနေနဲ့ တရုတ်နိုင်ငံကို သွားစရာမလိုတော့ဘဲ ဒီစာအုပ်တွေကနေတစ်ဆင့် တရုတ်ယဉ်ကျေးမှုနဲ့ လူမှုအဖွဲ့အစည်းအကြောင်းကို လေ့လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်မတို့ တရုတ်စာလေ့လာချိန်ကစပြီး ကျွန်မတို့ကျောင်းမှာရှိတဲ့ ဒီစာအုပ်တွေက တရုတ်ဘာသာစကားပြောတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသလို ဒီဘာသာစကားနဲ့ ထိတွေ့နေစေဖို့ အထောက်အကူပြုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။
“ကျွန်မက မြန်မာကျောင်းရော၊ အင်္ဂလိပ်ကျောင်းရော တရုတ်ကျောင်းတွေပါ တက်နေတဲ့သူဖြစ်လို့ စာကြည့်တိုက်သွားဖို့ဆိုတာ တော်တော်လေးကို အချိန်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
မယွန်းမီမီကျော်က “အခုဆိုရင် စာကြည့်တိုက်သွားဖို့ အချိန်ပိုတွေထပ်ပေးစရာမလိုတော့ဘူး။ ကျောင်းမှာပဲ တရုတ်စာတွေလေ့လာနိုင်သလို စာလည်းဖတ်လို့ရနေပြီ” ဟု ပြောသည်။
ထို့ပြင် ဝတ္ထုစာအုပ် ဖတ်ခြင်းကို နှစ်သက်သော အသက် ၁၇ နှစ်အရွယ် မမြတ်ရတီက ရွေ့လျားစာကြည့်တိုက်ကြောင့် စာအုပ်အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း ပြောသည်။
“ပုံမှန်ကတော့ အိမ်မှာပဲ ပုံပြင်စာအုပ်တွေကို ဖတ်လေ့ရှိတာပါ။ ဒါပေမဲ့ အခုဆိုရင် ကျောင်းမှာလည်း စာအုပ်တွေပိုပြီးတော့ ဖတ်နိုင်ပြီ။ စာဖတ်တာကနေတစ်ဆင့် မတူညီတဲ့ ယဉ်ကျေးမှုတွေအကြောင်း လေ့လာရတာ စိတ်လှုပ်ရှားဖို့ကောင်းတယ်” ဟု ၎င်းက ဆိုသည်။
နောက်ထပ် ကျောင်းသူတစ်ဦးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မအေးမြတ်သီရိကလည်း မိုဘိုင်းဖုန်းပေါ်တွင် စာဖတ်ရခြင်းထက် ပုံနှိပ်ဖော်ပြထားသော စာအုပ်များ ဖတ်ရသည်ကို ပိုမိုနှစ်သက်သည်ဟု ဆိုသည်။
“စာအုပ်ကိုင်ပြီး ဖတ်ရတာက မတူညီတဲ့စိတ်ခံစားမှုတစ်မျိုးရစေတယ်။ စာကြည့်တိုက်တွေက ကိုယ်ပိုပြီးအာရုံစိုက်လို့ရတဲ့ တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးတစ်ခု ပံ့ပိုးပေးတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

Bowen တရုတ်စာသင်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဆိုပါ အစီအစဉ်ကို ကြိုဆိုကြောင်း၊ ထိုအစီအစဉ်ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ချိန်ကို သက်သာစေကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သီးခြားစာကြည့်တိုက်ဆီသွားဖို့ မလိုတော့ဘူး။ ဒီမှာ စာအုပ်အမျိုးအစား အစုံအလင် ရွေးချယ် ဖတ်ရှုနိုင်ပြီးတော့ သူတို့လေးတွေအနေနဲ့လည်း ကိုယ်ကြိုက်တဲ့စာအုပ်၊ ဖတ်ချင်တဲ့စာအုပ်တွေကို ဒီမှာရရှိနိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်သည် စာအုပ်များကို စုစည်းပေးရုံသာမက စာဖတ်သူများအား အသိပညာအသစ်၊ စာပေများနှင့် ယဉ်ကျေးမှုများကို ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်စင်းလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေ့လျားစာကြည့်တိုက် အစီအစဉ်သည် စာသင်ခန်းနောက်ကွယ်က တရုတ်ယဉ်ကျေးမှုနှင့် စာပေနယ်ပယ်အကြောင်းကို ပိုမိုလေ့လာနိုင်ရန်အတွက် အထောက်အကူပြုရန် ရည်ရွယ်သလို စာပေဖတ်ရှုသည့်ယဉ်ကျေးမှုကို အားကောင်းစေရန်လည်း ထိန်းကျောင်းပေးကြောင်း ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ ညွှန်ကြားရေးမှူး Han Jiajun က ပြောကြားခဲ့သည်။
“စာအုပ်တွေကို ခြောက်လပြည့်တိုင်းမှာ အစားထိုးလဲလှယ်ပေးသွားမှာဖြစ်လို့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဖတ်ရှုစရာအသစ်တွေကို ဆက်တိုက်လေ့လာလို့ရနေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုပြီး ရွေ့လျားစာကြည့်တိုက်အနေဖြင့် ကျောင်းပြင်ပက တရုတ်စာလေ့လာသူတွေအတွက်လည်း ထပ်မံဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့ပြင် ရွေ့လျားစာကြည့်တိုက်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များ ပိုမိုခိုင်မာလာစေရန် တိုက်တွန်းအားပေးမည်ဖြစ်သလို ၎င်းတို့၏ တရုတ်စာအရည်အချင်း တိုးတက်မှုရှိစေရန် အားပေးအားမြှောက်ပြုပေးခြင်းဖြစ်ကာပညာရေးတွင် ပိုမိုကောင်းမွန်သော ရလဒ်များရရှိမည်ဟု ၎င်းက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)




