
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
အင်ဂျင်နီယာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် စီးပွားရေးအသိုက်အဝန်းတို့ ပါဝင်ဆွေးနွေးသည့် iCEEt 2026 ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဇူလိုင် ၂၆ ရက်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဇူလိုင် ၂၇ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်က ဦးစီးကျင်းပသည့် iCEEt 2026 ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အနာဂတ်အတွက် အင်ဂျင်နီယာပညာရပ်- AI၊ ဆန်းသစ်တီထွင်မှုနှင့် ပေါ်ထွန်းလာသော နည်းပညာများကို အသုံးချခြင်း” (Engineering the Future of Myanmar’s Digital Economy: Harnessing AI, Innovation, and Emerging Technologies) ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါညီလာခံတွင် အာရှ-ပစိဖိတ် အင်ဂျင်နီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း AI စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အစည်းများ ဖက်ဒရယ် (FEIAP) ၏ မျှော်မှန်းချက်များ၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် AI ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ဒစ်ဂျစ်တယ် ချိတ်ဆက်မိမှုနှင့် မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစသည့် ဆွေးနွေးချက်များ ပါဝင်ခဲ့ကြောင်း သိရသည်။
ယင်း အခမ်းအနားသို့ ပြည်တွင်းနှင့် နိုင်ငံတကာမှ တာဝန်ရှိသူများအပြင် အင်ဂျင်နီယာ၊ သတင်းအချက်အလက် နည်းပညာ၊ ကြေးနန်းနှင့် ဆက်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)








